မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)  
www.dhammaweb.net  
line decor
  
Wednesday, 22nd October 2014 6:36pm.
line decor
မည်သည့်သောတာပန်မျိုးနည်း - Sotapanna by အရှင်ကောဝိဒ (ယော) - Ashin Kovida (Yaw) Short, Simple and Easy to Remember Dhamma Note, DhammaWeb မည်သည့်သောတာပန်မျိုးနည်း by အရှင်ကောဝိဒ (ယော)
မည်သည့်သောတာပန်မျိုးနည်း

မည်သည့်သောတာပန်မျိုးနည်း

          
  
 ဆရာတော်တစ်ပါးက “အနာထပိဏ်သည် ဘုရားကို ကြည်ညိုလွန်းသော သဒ္ဓါတရားကြောင့် သောတာပန်ဖြစ်သွားခြင်းဖြစ်ကြောင်း ၊ ရုပ်တရား နာမ်တရားကို တကယ်မသိဘူး”ဟု ဟောထားသည်ကို ကြားနာရပါသည်။
    သောတာပန်ဟူသည် ရုပ်နှင့်နာမ်၏ သဘောသဘာဝတို့ကို အသေအချာ သိနားလည်၍ ဉာဏ်စဉ်အဆင့်ဆင့် တက်ပြီးမှ မဂ်ဉာဏ်ကို ရခြင်းဖြစ်သည်ဟု မှတ်သားဖူးပါသည်။ အထက်ပါ ရုပ်နာမ်မသိသော သောတာပန်သည် မည်သည့်အမျိုးအစား သောတာပန်ဖြစ်သည်ကို သိလိုသဖြင့် မြတ်ပန်းရဂုံမှတဆင့် မေးခွန်းတင်အပ်ပါသည်။                    
        ဆရာကံ (အညာ)
   

“အနာထပိဏ်သည် ဘုရားကို ကြည်ညိုလွန်းသော သဒ္ဓါတရားကြောင့် သောတာပန် ဖြစ်သွားခြင်း ဖြစ်ကြောင်း ၊ ရုပ်တရား နာမ်တရားကို တကယ်မသိဘူး”-ဟူရာ၌ ခိုင်မာသော အထောက်အထား မရှိပါ။
အနာထပိဏ်သူဋ္ဌေး ဘုရားရှင်နှင့် စတွေ့သည့်အချိန် သစ္စာလေးပါးတရားတော်ကို နာရ၍ သောတာပန် ဖြစ်ခဲ့ရသည့်မှတ်တမ်းကို ကြည့်လျှင်ပင် သဒ္ဓါတရားသက်သက်ကြောင့် မဟုတ်ကြောင်း ပေါ်လွင်ပါသည်။
အနာထပိဏ်သူဋ္ဌေးသည် ယောက်ဖဖြစ်သူ ရာဇဂြိုဟ်သူဋ္ဌေးအထံသို့ ကိစ္စတစ်ခုဖြင့် ရောက်လာရာ ခါတိုင်းကဲ့သို့ လုပ်နေကြအလုပ်များကို ပစ်ထားကာ သူနှင့်လာ စကားမပြောနိုင်ပဲ အချက်အပြုတ်ကိစ္စများကို စီမံကာ အလုပ်များနေသော ရာဇဂြိုဟ်သူဋ္ဌေးကို “မင်္ဂလာပွဲအတွက်လား၊ ဗိမ္ဗိသာရမင်းကြီးကို ဖိတ်ထား သလား” စသည်ဖြင့် မေးမြန်းလေ၏။ ဘုရားရှင်ကို ပင့်ဖိတ်ထားကြောင်း ပြန်ပြောရာ အံ့သြ၀မ်းသာဖြစ်လျက် “ဘုရား” ဟူသော အသံသည်ပင်လျှင် ကြားရခဲကြောင်း ယခုသွားရောက်ဖူးမျှော်ဖို့ ဖြစ်နိုင်မဖြစ်နိုင် မေးမြန်းသည်တွင် ယခုအချိန် မသင့်လျော်ကြောင်း မနက်ဖြန်မှ ဖူးမျှော်ဖို့ရန် ပြောလေရာ ဘုရားရှင်ကို ဖူးမြင်ရတော့မည်ဟူသောစိတ်ဖြင့် အိပ်စက်လေ၏။ ညအခါတွင်လည်း မိုးလင်းပြီဟူသော အမှတ်ဖြင့် သုံးကြိမ်တိုင်တိုင် ထကြည့်မိလေ၏။ မိုးသောက်ယံတွင် မနေနိုင်တော့ပဲ သွားရောက်ဖူးမျှော်လေတော့၏။

(ပါဠိတော်မြန်မာပြန်မူရင်းအတိုင်း ထုတ်ပြပါမည်)
ထိုအခါ အနာထပိဏ်သူဌေးသည် ယင်းတိုက်တောသို့ ချဉ်းကပ်၏။ ထိုအခါ မြတ်စွာဘုရားသည် ညဥ့်၏ မိုးသောက်ယံ၌ ထ၍ လွင်ပြင်၌ စင်္ကြံကြွတော်မူ၏။ မြတ်စွာဘုရားသည် အနာထပိဏ်သူဌေးကို အဝေးမှပင် လာနေသည်ကို မြင်တော်မူသဖြင့် စင်္ကြံမှ ဆင်းပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်တော်မူလျက် “သုဒတ္တလာလော့” ဟု မိန့်တော်မူ၏။ ထိုအခါ အနာထပိဏ်သူဌေးသည် “နာမည်ဖြင့် ငါ့ကို မြတ်စွာဘုရား ခေါ်တော်မူ၏” ဟု ရွှင်လန်းအားတက်လျက် မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးနောက် မြတ်စွာဘုရား၏ ခြေတော်တို့၌ ဦးခိုက်၍ “အရှင်ဘုရား မြတ်စွာဘုရားသည် ချမ်းသာစွာ အိပ်တော်မူရပါ၏လော” ဟု လျှောက်၏။
ကာမတို့၌ မလိမ်းကျံ၍ ငြိမ်းအေးခြင်းသို့ ရောက်သော၊ ဥပဓိ (ကိလေသာ) မရှိသော ရဟန္တာသည် ထက်ဝန်းကျင်မှ ငြိမ်းပြီးသည် ဖြစ်၍ အခါခပ်သိမ်း ချမ်းသာစွာ အိပ်ရ၏။
တောင့်တမှု အားလုံးတို့ကို ဖြတ်၍ စိတ်၌ ပူပန်ခြင်းကို ပယ်ဖျောက်၍ စိတ်အားဖြင့် ငြိမ်းချမ်းမှုသို့ ရောက်၍ အေးငြိမ်းနေသော ရဟန္တာပုဂ္ဂိုလ်သည် ချမ်းသာစွာ အိပ်ရ၏ ဟု (မိန့်တော်မူ၏)။

ထိုအခါ မြတ်စွာဘုရားသည် အနာထပိဏ်သူဌေးအား အစဉ်အတိုင်းသော တရားစကားကို ဟောတော်မူ၏၊ ဤအစဉ်အတိုင်းသော တရားစကားဟူသည်ကား အဘယ်နည်း၊ ဒါနနှင့် စပ်သော စကားကို လည်းကောင်း၊ သီလနှင့် စပ်သော စကားကိုလည်းကောင်း၊ နတ်ပြည်နှင့် စပ်သော စကားကိုလည်းကောင်း၊ ကာမဂုဏ်တို့၏ အပြစ်ကိုလည်းကောင်း၊ ယုတ်ညံ့ခြင်းကို လည်းကောင်း၊ ညစ်ညူးခြင်းကို လည်းကောင်း၊ (ကာမဂုဏ်တို့မှ) ထွက်မြောက်ခြင်း၌ အကျိုးကို လည်းကောင်း ပြတော်မူ၏။
မြတ်စွာဘုရားသည် အနာထပိဏ်သူဌေး၌ သင့်လျော်သော စိတ် နူးညံ့သော စိတ် အပိတ်အပင် (နီဝရဏ) မှ ကင်းသော စိတ် တက်ကြွသော စိတ် ယုံကြည်သော စိတ် ရှိသည်ကို သိတော်မူသောအခါ မြတ်စွာဘုရားတို့၏ ကိုယ်တိုင် ထုတ်ဖော် သိမြင်ပြီးသော (သာမုက္ကံသိက) တရား ဒေသနာတော်ဖြစ်သော ဆင်းရဲ (ဒုက္ခသစ္စာ) ကိုလည်းကောင်း၊ ဆင်းရဲ ဖြစ်ကြောင်း (သမုဒယသစ္စာ) ကိုလည်းကောင်း၊ ဆင်းရဲ ချုပ်ရာ (နိရောဓသစ္စာ) ကို လည်းကောင်း၊ ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းလမ်းစဉ် (မဂ္ဂသစ္စာ) ကို လည်းကောင်း ပြတော်မူ၏။ မည်းညစ်ခြင်း ကင်းသော ဖြူစင်သော အ၀တ်သည် ဆိုးရည်ကို ကောင်းစွာ ခံယူသကဲ့သို့ ထို့အတူ အနာထပိဏ် သူဌေးအား ထိုနေရာ၌ပင်လျှင် “ဖြစ်ခြင်းသဘောရှိသော တရားအလုံးစုံသည် ချုပ်ခြင်း သဘောရှိ၏” ဟု ကိလေသာမြူ အညစ်အကြေးကင်းသော တရားမျက်စိ (သောတာပတ္တိမဂ်ဥာဏ်) သည် ဖြစ်ပေါ်၏။ (စူဠ၀ဂ္ဂပါဠိတော်မြန်မာပြန်)

အထက်ပါမှတ်တမ်းအရ အနာထပိဏ်သူဋ္ဌေးသည် အနုပုဗ္ဗိကထာ ဒေသနာစဉ်နှင့်တကွ သာမုက္ကံသိက ဒေသနာတော်ဟုဆိုအပ်သော သစ္စာလေးပါးတရားတော်ကို နာယူရခြင်းကြောင့် သောတာပတ္တိမဂ်ဉာဏ်ကို ရရှိခြင်းဖြစ်ရကား သဒ္ဓါတရားသက်သက်ကြောင့် မဂ်ဖိုလ်ရသည်ဟု မဆိုနိုင်သလို ရုပ်တရား နာမ်တရားကို တကယ်မသိ-ဟုလည်း မဆိုနိုင်ပါ။
အနာထပိဏ္ဍိကောဝါဒသုတ်ကိုထောက်ဆ၍ “အနာထပိဏ်သူဋ္ဌေးသည် ရုပ်တရားနာမ်တရားကို တကယ်မသိ” -စသည်ဖြင့် ထင်မှတ်မှားခဲ့ကြဖူးသဖြင့် ဆရာတော်ကြီးများ ဖြေရှင်းခဲ့ဖူးသည်ဟု ထင်ပါသည်။

ထိုအနာထပိဏ္ဍိကောဝါဒသုတ်ကို ထုတ်နှုတ်၍ ရှင်းလင်းကြည့်ကြပါစို့။
အခါတပါး၌ အနာထပိဏ်သူဋ္ဌေးသည် အသည်းအသန် မကျန်းမမာ ဖျားနာသောအခါ အရှင်သာရိပုတြာမထေရ်ကို အပင့်ခိုင်း၏။ အရှင်သာရိပုတြာသည် အရှင်အာနန္ဒာနှင့်အတူ သူဋ္ဌေးကြီးအိမ်သို့ ကြွသွား၏။ ရောဂါအခြေအနေမေးရာ ပိုမိုးဆိုးရွားလာကြောင်း လျှောက်ထားသဖြင့် အသက်ဇီဝိန် ခြွေနိုင်သော ဝေဒနာမှန်းသိရှိကာ အရှင်သာရိပုတြာမထေရ်သည် ပညာဧတဒဂ်ရ ဉာဏ်ကြီးရှင်ပီပီ ဒါနအကြောင်း သီလအကြောင်းများကို ဟောတော်မမူတော့ဘဲ ဘာဝနာအကြောင်းအသားပေးကာ ရုပ်နာမ်ခန္ဓာတို့၌ တဏှာ-မာန-ဒိဋ္ဌိတည်းဟူသော ဂါဟကတရားတို့ဖြင့် မစွဲလမ်းစေရန် ထူးခြားဆန်းကြယ်စွာ အရတ္တဖိုလ်ကို အထွဋ်တင်လျက် သိမ်မွေ့နက်နဲသော ဒေသနာတော်ကို ဟောတော်မူလေ၏။
တရားဆုံးသောအခါ သူဋ္ဌေးကြီးသည် ငိုကြွေးကာ မျက်ရည်ဖြိုင်ဖြိုင် ကျရှာလေ၏။ အရှင်အာနန္ဒာလည်း အထင်လွဲကာ အဆုံးအမပေးလိုသဖြင့် “သူဋ္ဌေးကြီး သင်သည် စည်းစိမ်ဥစ္စာတို့၌ ငြိကပ်နေသလော, ကုသိုလ်တရားတို့ ဆုတ်နစ်လေသလော”ဟု မေးရာ မဟုတ်ကြောင်း ဘုရားရှင်နှင့်တကွ သံဃာတော်တို့အား ရှည်မြင့်စွာသောကာလပတ်လုံး ဆည်းကပ်လာခဲ့သော်လည်း ယခုကဲ့သို့သော တရားမျိုးကို မနာယူခဲ့ဖူးသဖြင့် ငိုကြွေးမိကြောင်း ဤကဲ့သို့သောတရားများကို လူတို့အားလည်း များများဟောပေးပါရန် လျှောက်ထားလေ၏။ ထိုနေ့တွင်ပင် အနာထပိဏ်သူဋ္ဌေးကြီး စုတေကာ တုသိတာနတ်ပြည်၌ ဖြစ်လေ၏။ ညသန်းခေါင်ယံ အချိန်တွင် ဇေတ၀န်ကျောင်းတော်သို့လာရောက်ကာ အရှင်သာရိပုတြာ၏ ပညာဂုဏ်တို့ကို ချီးကျူးစကား လာရောက်လျှောက်ထားသေး၏။

အထက်ပါသုတ္တန်တွင် “န စ မေ ဧ၀ရူပီ ဓမ္မကထာ သုတပုဗ္ဗာ = တပည့်တော်သည် ဤသို့သဘောရှိသော တရားစကားကို မကြားနာဖူးပါ” လျှောက်ထားခြင်းနှင့် ပတ်သက်၍ အဋ္ဌကထာတွင် ရှင်းလင်းချက်ထုတ်ထားသည်မှာ--
န စ မေ ဧ၀ရူပီ ဓမ္မီကထာ သုတပုဗ္ဗာတိ အယံ ဥပါသကော - “သတ္ထု သန္တိကာပိ မေ ဧ၀ရူပီ ဓမ္မကထာ န သုတပုဗ္ဗာ”တိ ၀ဒတိ၊ ကိံ သတ္ထာ ဧ၀ရူပိ သုခုမံ ဂမ္ဘီရကထံ န ကထေတီတိ နော န ကထေတိ။ ဧ၀ံ ပန ဆ အဇ္ဈတ္တိကာနိ အာယတနာနိ ဆ ဗာဟိရာနိ ဆ ၀ိညာဏကာယေ ဆ ဝေဒနာကာယေ ဆ ဓာတုယော ပဉ္စက္ခန္ဓေ စတ္တာရော အရူပေ ဣဓလောကဉ္စ ပရလောကဉ္စ ဒေဿတွာ ဒိဋ္ဌသုတမုတ၀ိညာတ၀သေန အရဟတ္တေ ပက္ခိပိတွာ ကထိတကထာ ဧတေန န သုတပုဗ္ဗာ, တသ္မာ ဧ၀ံ ၀ဒေတိ။ (မ၊ ဋ္ဌ၊၄၊ ၂၃၀)

(“တပည့်တော်သည် ဤသို့သဘောရှိသော တရားစကားကို မကြားနာရဖူးပါ”-ဟူရာ၌ ဤဥပါသကာသည် ဘုရားရှင်၏ အထံတော်မှသော်လည်း ဤသို့သဘောရှိသော တရားစကားကို မကြားနာဖူးပါ-ဟု ဆိုလေ၏။ အသို့နည်း ဘုရားရှင်သည် ဤသို့သဘောရှိသော သိမ်မွေ့နက်နဲသော တရားစကားကို မဟောသလော- ဤကား အမေးတည်း။ ဟောတော်မမူသည် မဟုတ်ပါ။ ထိုသို့ပင် ဟောတော်မူသော်လည်း ဤသို့ အဇ္ဈတ္တိကာယတန ၆-ပါး၊ ဗာဟိရာယတန ၆-ပါး၊ ၀ိညာဏ် ၆-ပါး၊ ဖဿ ၆-ပါး၊ ဝေဒနာ ၆-ပါး၊ ဓါတ် ၆-ပါး၊ ခန္ဓာ ၅-ပါး၊ အရူပ ၄-ပါး၊ ကာမလောက၊ ရူပလောက-တို့ကို ပြ၍ မြင်အပ်-ကြားအပ်-တွေ့အပ်-သိအပ်သည်၏ အစွမ်းဖြင့် အရဟတ္တဖိုလ်၌ ထည့်သွင်း၍ ဟောအပ်သောတရားစကားမျိုးကိုကား မကြားနာရစဖူးပေ၊ ထို့ကြောင့် “တပည့်တော်သည် ဤသို့သဘောရှိသော တရားစကားကို မကြားနာရဖူးပါ” ဟု လျှောက်ခြင်းဖြစ်၏။)
ဓမ္မကထာ န သုတပုဗ္ဗာတိ ယထာ ကထိတာကာရမေ၀ သန္ဓာယ ပဋိက္ခေပေါ, န သုခုမဂမ္ဘီရသုညတာ- ပဋိသံယုတ္တတာ သာမညံ။ (ဋီကာ)
ဋီကာ၌လည်း “ဤသို့သောတရားစကားကို မကြားဖူးပါ-ဟူရာ၌ ဟောတော်မူအပ်သော အခြင်းအရာ (ဟောစဉ်)ကိုသာလျှင် ရည်ရွယ်၍ ပယ်ခြင်းဖြစ်၏။ သိမ်မွေ့နက်နဲသော အတ္တမှကင်းဆိတ်ခြင်းနှင့်စပ်ယှဉ်သော သာမညဟောပုံဟောနည်းမျိုးကိုကား နာကြားဖူး၏”-ဟု မှတ်ယူရမည်ဖြစ်ကြောင်း မိန့်ဆိုထားပါ၏။

(တစ်နည်းအားဖြင့်လည်း အနာထပိဏ်သူဋ္ဌေးကြီးသည် (၀ဋ္ဋာဘိရတ) ၀ဋ်၌မွေ့လျော်သူ၊ (ဒါနဘိရတ၊ ဒါနသူရ) အလှူဒါန၌မွေ့လျော်သူ၊ ပေးကမ်းခြင်း၌ ရဲရင့်သူဖြစ်သောကြောင့် ဘုရားရှင်နှင့်တကွ မဟာသာဝကကြီးတို့က ဒါနကထာကိုသာ ဟောလေ့ရှိသောကြောင့် ထိုသို့ပြောဆိုခြင်းဖြစ်သတဲ့။)
မည်သို့ပင်ဖြစ်စေ အနာထပိဏ်သူဋ္ဌေးသည် ဘုရားရှင်နှင့်တကွ သာဝကကြီးများကို ၂၄-နှစ်ကြာ ဆည်းကပ်ခွင့်ရခဲ့၏။ ပိဋကတ်တော်တွင် မှတ်တမ်းတင်ထားသော တရားဒေသနာ တော်တော်များများသည် သူလှူဒါန်းထားရာ ဇေတ၀န်ကျောင်းတိုက်အတွင်း၌ ဟောတော်မူခဲ့ခြင်းဖြစ်၏။ ထိုဒေသနာများမှ ရုပ်နာမ်နှင့်စပ်သော ပရမတ္ထဒေသနာများကို ကြိမ်ဖန်များစွာ နာယူဖူးပေလိမ့်မည်။
ထို့ကြောင့်ပင် “ဥဇုမဂ္ဂါဝဟာ ၀ိပဿနာ ဘဂ၀တာ ပနဿ ကထိတပုဗ္ဗာ။” စင်စစ်သော်ကား မြတ်စွာဘုရားသည် ဤသူဋ္ဌေးကြီးအား ဖြောင့်မှန်စွာအရိယာမဂ်သို့ရောက်ကြောင်းဖြစ်သော ၀ိပဿနာတရား ကို ရှေးကဟောအပ်ဖူးလေပြီ”ဟု  ဋီကာဆရာက ရှင်းလင်းပြတ်သားစွာ မိန့်ဆိုတော်မူခြင်း ဖြစ်ပေမည်။

အထက်ပါအဋ္ဌကထာ-ဋီကာတို့အရ အနာထပိဏ်သူဋ္ဌေးသည် ရုပ်တရားနာမ်တရားတို့၌ သိရှိလိမ္မာသူ ဖြစ်ကြောင်း လက်ခံမှတ်သားသင့်ပါသည်။
အနာထပိဏ်သူဋ္ဌေးကြီး လူ့ဘ၀မှ စုတေကာ တုသိတာနတ်ပြည်သို့ ရောက်လျှင်ရောက်ချင်း လူ့ပြည့်ပြန်ဆင်းလာကာ ဘုရားရှင်အား လာရောက်လျှောက်ထားသောဂါထာများမှ ဂါထာနှစ်ပုဒ်ကို ထုတ်ပြကာ အဆုံးသတ်ပါတော့မည်။
“အလုပ်ကိစ္စ၊ အသိဉာဏ်၊ တည်ကြည်မှု၊ ကိုယ်ကျင့်သီလ၊ မြတ်သော အသက်မွေးမှု၊ ဤတရားကြောင့် သတ္တ၀ါတို့သည် စင်ကြယ်ကုန်၏၊ အမျိုးအနွယ်ကြောင့်လည်းကောင်း၊ ဥစ္စာကြောင့်လည်းကောင်း စင်ကြယ်သည် မဟုတ်ကုန်။
ထို့ကြောင့်သာလျှင် ပညာရှိသော ပုဂ္ဂိုလ်သည် မိမိ၏ အကျိုးစီးပွားကို ရှုမျှော်၍ သင့်လျော်သော အကြောင်းအားဖြင့် တရားကို စူးစမ်း ဆင်ခြင်ရာ၏၊ ဤသို့ ဆင်ခြင်သော် ထိုအရိယာမဂ်တရား၌ စင်ကြယ်၏။”     (မဇ္ဈိမနိကာယ်၊ ဥပရိပဏ္ဏာသပါဠိတော်၊ အနာထပိဏ္ဍိကောဝါဒသုတ် မြန်မာပြန်)
                                                              အရှင်ကောဝိဒ (ယော)
Sotapanna (မည်သည့်သောတာပန်မျိုးနည်း) by Ashin Kovida (Yaw) (အရှင်ကောဝိဒ (ယော))
နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ
 
No. Myanmar Language Title author
1 သောတာပန် ပြဿနာ ရှင်းတမ်း အရှင်ကောဝိဒ (ယော)
2 မဂ်နှင့် သောတာပန် အရှင်ဇ၀န (မေတ္တာရှင်- ရွှေပြည်သာ)
3 နိဗ္ဗာန် နှင့် အနတ္တ အရှင်ကောဝိဒ (ယော)
4 သောတာပန် ပြဿနာ အရှင်ကောဝိဒ (ယော)
5 သောတာပန်၏ ထူးခြားချက်(၇)ရပ် ဒေါက်တာအရှင်ပါရမီ
6 မည်သည့်သောတာပန်မျိုးနည်း အရှင်ကောဝိဒ (ယော)
List of Dhamma Notes related to Sotapanna : 6 Dhamma Notes, DhammaWeb DataBase
   

Dhamma Web