မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)  
www.dhammaweb.net  
line decor
  
Friday, 24th May 2013 3:00am.
line decor
ကာလ နဂါး - by အရှင်ကောဝိဒ (ယော) - Ashin Kovida (Yaw) Short, Simple and Easy to Remember Dhamma Note, DhammaWeb ကာလ နဂါး by အရှင်ကောဝိဒ (ယော)
Untitled Document


စာပေပညာရှင်များအား မေးမြန်းလိုပါသည်၊ ကာလ နဂါး အကြောင်းဖြစ်ပါသည်-ခင်ဗျား---
(၁) ကာလ နဂါးသည် ယခုထိ ရှိပါသလော-
ကာဠ နဂါးနှင့် ပတ်သက်သော အကြောင်းအရာတို့ကို အရေတကြီး သိသင့်သောအကြောင်း အရာတိုဟူ၍ မထင်မြင် မယူဆသော်လည်း မေးခွန်းရှင် ( တင်လတ်(မကွေး)၏ သိလိုစိတ်ကို မျက်ကွယ်မပြုလိုသဖြင့်၎င်း ၊ ကာဠ နဂါး အကြောင်း အပြည့်အစုံပါဝင်သော စာအုပ်စာတမ်းတို့ ကို မတွေ့မိသဖြင့်၎င်း စာဖတ်သူများလည်း ဗဟုသုတ ပွားနိုင်ရန် စွမ်းနိုင်သမျှ ရှာဖွေတင်ပြလိုက်သည် ။
( ကျမ်းစာအများအပြားတွင် ကာလ ဟု လ-လေးနှင့် အတွေ့ရ နည်းပြီး ကာဠ ဟု ဠ-ကြီးနှင့်သာ အတွေ့ရများပါသည် ။ ရှေ့မှမဟာသဒ္ဒါထည့်၍ မဟာကာဠ-ဟု အသုံးများ၏ ။)
ထိုမဟာကာဠ နဂါးမင်းသည် “ ကာဠော နာဂရာဇာ စတုန္နံ ဗုဒ္ဓါနံ သမ္မုခီဘာဝံ လဘိတွာ ဌိတော မေတ္တေယျဿပိ ဘဂ၀တော သမ္မုခီဘာဝံ လဘိဿတီတိ ၀ဒန္တိ ၊ ယံ တဿ ကပ္ပါယုကတာ ၀ုတ္တာ ။”
“ကာဠ နဂါးမင်းသည် ဘုရားလေးဆူတို့ကို မျက်မှောက်ထင်ထင် ဖူးမြင်ရပြီး၍ သူ၏အသက်တမ်းသည် တစ်ကမ္ဘာတိုင်တိုင် ရှည်ကြာသည် ၏ အဖြစ်ကြောင့် အရိမေတ္တေယျ ဘုရားရှင်တို့လည်း မျက်မှောက်ထင်ထင် ဖူးမြင်ခွင့်ရလတ္တံ့ ဟု ဆိုကြကုန်၏ -ဟု မဟာဝဂ္ဂဋီကာတွင် ဆိုထားသောကြောင့် ကာလနဂါးသည် ယခုထိ ရှိပါသေးသည် ။
(၂) ကာလနဂါးသည် အဘယ်ကြောင့် ဘုရားတစ်ဆူပွင့်သည်အထိ အိပ်စက်ရပါသနည်း ။
ဘုရားတစ်ဆူတစ်ဆူပွင့်သည်အထိ အိပ်စက်သည်ဟု မည်သည့် အဋ္ဌကထာ.ဋီကာကျမ်းတွင်မှ မပါပါ ။ ကာဠနဂါးသည် တစ်ကမ္ဘာပတ်လုံး အသက်ရှည်သော်လည်း ဘုရားတစ်ဆူနှင့် တစ်ဆူကြား အိပ်နေပြီး ၊ ဘုရားတစ်ဆူပွင့်လာမှ အိပ်ရာမှ နိုးသည်ဆိုလျှင် ဤကမ္ဘာ၌ ဘုရားငါးဆူပွင့်သဖြင့် ငါးကြိမ်သာအိပ်ရရာ၏ ၊ (ဘုရားငါးဆူထက်ပို၍ ပွင်သောကမ္ဘာဟူ၍လည်းမရှိ ။) ထိုမျှအအိပ်ကြီးသော သတ္တ၀ါဟူ၍ မကြားမသိရပါ ။
(၃) အဓိဋ္ဌာန်ဖြင့် ရေသို့ချသော ဖလားသည် အဘယ်ကြောင့် ကာလနဂါး၏ အိပ်စက်ခြင်းအား အနှောင့်အယှက် ပြုရသနည်း ။
ရှေးဘုရားရှင်တို့၏ ရွှေခွက်တို့နှင့် ထိခတ်မိကာ အသံမြည်သောကြောင့်ဟု မှတ်အပ်၏။
မဟာဗုဒ္ဓ၀င်၌ ဤသို့ဆိုထား၏- “ ဘုရားအလောင်းတော်သည် ထိုသုဇာတာ လှူဒါန်းသော ဃနာနို့ဆွမ်း ကို ဘုဉ်းပေးသုံးဆောင်တော်မူပြီးလျှင် ရွှေခွက်ကို ကိုင်ယူကာ “ အကယ်၍ ငါသည် ယနေ့ ဘုရားဖြစ်ခြင်းငှါ စွမ်းနိုင်သည်ဖြစ်ပါမူ ဤရွှေခွက်သည် ရေညာသို့ ဆန်ပါစေသား ဘုရားဖြစ်ခြင့်ငှါ မစွမ်းနိုင်ပါမူ ရေစုန်သို့ မျှောပါစေသား ” ဟု အဓိဋ္ဌာန်တော်မူပြီးသော် ထိုရွှေခွက်ကို နေရဉ္ဖရာမြစ်ကျောသို့ မျှောလိုက်လေ၏ ။
ထိုရွှေခွက်သည် ရေစီးရေယဉ်ကို ဖြတ်လျက် မြစ်လယ်သို့ တည့်တည့်မတ်မတ်သွားပြီးလျှင် မြစ်၏ အလယ် ချက်မ အရပ်မှပင် မြင်းလျင်ကိုစိုင်းသကဲ့သို့ အတောင်ရှစ်ဆယ်ခန့် ရေညာသို့ ဆန်တက်သွား၍ ၀ဲဇလုပ်၌ နစ်မြုပ်ကာ ကာဠနဂါးမင်း၏ ဘုံဗိမာန်သို့ရောက်၍ ကကုသန်-ကောဏာဂုံ- ကဿပတည်းဟူသော ပွင့်တော်မူပြီးကြသည့် ဘုရားသုံးဆူတို့၏ ( ဘုရားဖြစ်မည့်နေ့၌) အသုံးပြုအပ်သော ရွှေခွက်သုံးလုံးတို့၏ အောက်၌ တည်လေ၏ ။
ကာဠနဂါးမင်းသည် ထိုအသံကိုကြား၍ “ ယမန်နေ့ကပင် ဘုရားတစ်ဆူပွင့်တော်မူခဲ့ လေပြီ ယနေ့တစ်ဖန် ဘုရားတစ်ဆူပွင့်တော်မူပြန်ပြီ ” ဟု ပြောဆိုကာ ပိုဒ်ပေါင်းများစွာ ဂါထာတို့ဖြင့် ထောမနာချီးမွမ်းစကားကို မြွက်ကြားရွတ်ဆို၍ ထလေ၏ ။ ( ကာဠနဂါး၏ အဖို့မှာ ကဿပ မြတ်စွာဘုရားနှင့် ဤငါတို့ မြတ်စွာဘုရား နှစ်ဆူတို့၏ အကြားကာလ မဟာပထ၀ီမြေ ကြီး တစ်ယူဇနာနှင့် သုံးဂါဝုတ်ခန့် မြင့်တက်လာအောင် ရှည်လျား လှသော အချိန်ကာလ သမယသည်ပင် ယမန်နေ့ကနှင့် ယနေ့ဟူ၍ ပြောဆိုရလောက်အောင် တိုတောင်းသကဲ့ သို့ ဖြစ်ရှိနေပေ၏ ။ ) (မဟာဗုဒ္ဓ္ဓ၀င် ၊ ဒု၊၂၇၈ )
( ကာဠ နာဂရာဇံ သုပန္တံဗောဓေသိ ” `“အိပ်ပျော်နေသော ကာဠနဂါးမင်းကို သိစေ နိုးစေပြီ ” ဟူသော ဗုဒ္ဓ၀ံသ အဋ္ဌကထာအရ ရွှေခွက်ချင်း ထိခတ်မိသောအချိန်တွင် ကာဠနဂါးအိပ်ပျော်နေကြောင်း ရေးကြပြောကြ ၏ ။ သို့ရာတွင် အခြားကျမ်းများစွာတို့၌ကား `“ကာဠော နာဂရာဇံ တံ သဒ္ဒံ သုတွာ” `“ကာဠနဂါးမင်းသည် ထိုအသံကိုကြား၍ ” ဟု သာမညဆိုထားသောကြောင့် အိပ်ပျော်နေခိုက်ဖြစ်နိုင်သလို ပုံမှန် နဂါးစည်းစိမ် ခံစားနေခိုက်လည်း ဖြစ်နိုင်၏ ။)
(၄) ကာလနဂါး၏ သက်တမ်းကား အဘယ်မျှရှိပါသနည်း ။
တစ်ကမ္ဘာပတ်လုံး အသက်ရှည်သည် နဂါးဖြစ်သည်ဟု ဆိုပါသည်။
(၅) မည်သည့် အတိတ်ကံကြောင့် ယခုကဲသို့ တန်ခိုးကြီးမားသော သက်တမ်း ရှည်သော နဂါးဖြစ်နေရပါသနည်း ။ ၎င်း၏အရွယ်ပမာဏကား အဘယ်မျှရှိပါသနည်း ။
ကာဠနဂါးမင်း၏ အတိတ်ကံနှင့် အရွယ်ပမာဏတို့ကို မတွေ့မိပါ--ပညာရှင်တို့ကား နဂါးနှင့်ပတ်သက်လာလျှင် သာရတ္ထသင်္ဂဟ ဟူသောကျမ်းကို ညွှန်းလေ့ရှိကြ၏ ။ မိမိမှာ ထိုကျမ်းမရှိသည့်အတွက် ထိုကျမ်းလာအကြောင်း အရာတို့ကို မဖော်ပြနိုင်ပါ ။ သံယုတ္တနိကာယ်၊ ယက္ခသံယုတ်လာ သုတ်ကို ဤနေရာ၌ ဆက်စပ်မှု့ ရှိသဖြင့် ထုတ်ပြချင်ပါသည်။
အခါတစ်ပါး ရဟန်းတော်တစ်ပါးသည် ဘုရားရှင်အား အရှင်ဘုရား ဤလောက၌ အချိုသောသူတို့သည် သေလွန်သောအခါ အဘယ်ကြောင့် နဂါးအဖြစ်သို့ ရောက်ပါသနည်း မေးလျှောက်လေရာ `ရဟန်းတို့ ဤလောက၌ အချိုသောသူတို့သည် ကိုယ် နှုတ် စိတ်တို့ဖြင့် ကောင်းမှု မကောင်းမှု နှစ်ပါးစုံကို ပြုလေရှိ၏ ။ ထိုသူသည် `“ နဂါးတို့သည် အသက်ရှည်ကြကုန်၏ ၊ အဆင်းလှကြကုန်၏ ၊ ချမ်းသာခြင်းများကုန်၏ ဟူ၍လည်း ကြားဖူး၏ ။ `“ငါသေလွန် သောအခါ နဂါးတို့၏ အပေါင်းအဖော်အဖြစ်သို့ ရောက်ပါမူ ကောင်းလေစွာ့ ” ဟူ၍လည်း ထိုသူအား တောင်းတခြင်းဖြစ်၏၊ ရဟန်းတို့ ဤသို့တောင်းတခြင်းသည် အချိုသောသူများ နဂါးအဖြစ်သို့ ရောက်ခြင်း၏ အကြောင်းပေတည်း ဟု မြတ်ဗုဒ္ဓမိန့်တော်မူ၏ ။
ထိုကြောင့် သတပဒိက ပုစ္ဆာဝိသဇ္ဖနာကျမ်းတွင် မင်းကွန်းဆရာတော်က `“ပြည်မန္ဒာနဂရ၊ ရွှေကာလ နာဂိန်၊ ဒေ၀ါမျှ ပမာချိန်၊ မဟာသိန်လွန်ကြူး ၊ သက်အာယု တကမ္ဘာ၊ ဋ္ဌကထာ ကျမ်းမိန့်အထူး။ ။ ထိုသက်တော်ရှည်မြတ်တဲ့ ထိုရေနတ်သူကံကို ၊ ရှုကြံဘွယ်ရှိဘူး---ပါယ်ဘုံမှာ သက်ရှည်ကြူးလို့ ၊ ဖြစ်ထူးတဲ့ ကြောင်းလျာ။ ။ကံနှစ်ဖြာ စုံကာပြုသည်ဟု ၊ သဗ္ဗညုဟောမိန့်တော်မူလျက်ပါ။ ။ အကုသိုလ်စေတနာမှာ ပါယ်ခန္ဓာ သန္ဓေရလို့၊ ကုသလ သူ့စေတနာအဟုန် ကြီးနိုင်မျှဂုဏ် ။” စသည်ဖြင့် ဖြေကြားတော်မူထားသည်ကို ၂၉-ခုမြောက် ပုစ္ဆာဝိသဇ္ဖနာတွင် လေ့လာဖတ်ရှုနိုင်ပါသည် ။
ထိုကာဠနဂါး၏ အရွယ်ပမာဏကို မိမိလက်လှမ်းမှီသမျှ ကျမ်းဂန်တို့၌ မတွေ့မိပါ ။ သို့ရာတွင် ကာဠနဂါး မင်းသည် တန်ခိုးကြီးသော နဂါးဖြစ်၍ (၁)နဂါးချင်း မေထုန်မှီဝဲသောအခါ (၂) စိတ်ချလက်ချ အိပ်ပျော်သော အခါ (၃) ပဋိသန္ဓေနေစဉ်အခါ (၄) အရေဟောင်းကို စွန့်သောအခါ (၅) စုတေစိတ်ကျသောအခါ ဟူသော နဂါးတတ်ကို မစွန့်နိုင်ရာ အချိန်အခါ ငါးမျိုးမှတစ်ပါး များစွာသောအချိန်တို့၌ လူယောင်ဖန်ဆင်း၍သာ နေဖို့များ၏ ။ နဂါး ခန္ဓာကိုယ်နှင့် သွားလာလိုရာ၌လည်း အလိုရှိသလို ငယ်နိုင်ကြီးနိုင် ပြောင်းလဲနိုင်သော ကမ္မဇိဒ္ဓိ တန်ခိုးရှိ၏ ။
( ၆ ) မည်သည့်မြစ် သို့မဟုတ် သမုဒ္ဒရာမြစ် သုပ္ပတိဋ္ဌိတဆိပ်ကမ်း ဟု ဆိုသောကြောင့် ထိုနေရဉ္ဖရာမြစ်၏ အောက်၌ ဟုရှိ၏ ဟုယူဆရ၏ ။ အသောကမင်းကြီးသည် မြေအောက်တစ်ယူဇနာ အာဏာစက်ပျံ့နှံ၏ ။သူ ဗုဒ္ဓဘာသာ ဖြစ်လာသောအခါ ဘုရားရှင်ကို ဖူးမြင်လို၍ ကာဠနဂါးမင်းကို ရွှေချေခြင်း အဖွဲ့ (ရွှေလက်ထိပ်) လွှတ်ကာခေါ်ခိုင်း၏ ။ ကာဠနဂါးမင်းနေရာသည် ထိုမင်း၏အာဏာစက်ပျံ့နှံ့ရာ တစ်ယူဇနာအတွင်း၌ မရှိသော်လည်း နယ်မြေချင်းစပ်နေ သောကြောင့် နေရဉ္ဖရာမြစ်အောက် တစ်ယူဇနာကျော်အရပ်တွင် ယူဇနာငါးရာကျယ်ဝန်းသော မဉ္ဖေရိက နဂါးဘုံတွင်နေ၏ -ဟု မှတ်သင့်၏ ။ မြစ် သမုဒ္ဒရာ တို့၌နေသော ဂင်္ဂါဝဟေယျ သာမုဒ္ဒိက နဂါးမျိုးမဟုတ် ။ တော တောင်တို့၌ နေသော ဘူမိဂတ ပဗ္ဗတဋ္ဌ နဂါးမျိုးလည်း မဟုတ် ။
(၇) အချို့စာပေများအရ ကာလနဂါးသည် အမြဲတမ်းအိပ်နေသည်ဟု ယူဆရမလိုဖြစ်သည် ဟုတ်ပါသလား ။
ရွှေခွက်သံကြားသော အခိုက်ဂါထာပိုဒ် အထောင်တို့ဖြင့် ၀မ်းမြောက်ဝမ်းသာ ချီးကျူးထောမနာ ဂါထာများ ရွတ်ဆိုခြင်း မာရ်နတ်သားကို အောင်မြင်တော်မူခါနီး အချိန် ဗောဓိမဏ္ဍိုင်သို့ လာ၍ ဂါထာတစ်ရာကျော်တို့ဖြင့် လာရောက်ပူဇော်ခြင်း အသောကမင်းကြီးအား ဘုရာရှင်၏ ပုံသဏ္ဌာန်လာရောက်ဖန်းဆင်းပြခြင်း ရာမရွာတွင် ဌာပနာထားသော မြတ်ဗုဒ္ဓ၏စွယ်တော်များ ရေတိုက်စား၍ သမုဒ္ဒရာသို့ မျော့ပါရောက်ရှိသွားရာ သမုဒ္ဒရာ ၌နေသော နဂါးတို့ လာရောက် အကြောင်းကြားသဖြင့် ဆယ်ယူစေကာ မိမိနေရာတွင် စေတီတည်၍ အကြီးအကျယ် ပူဇော်ထားရှိခြင်း စသော အကြောင်းတို့ကို ထောက်ဆ၍ ကာဠနဂါး အမြဲတမ်း အိပ်မနေပါ ။
( ၈ ) အခြားနဂါးမင်းများကဲ့သို့ နဂါးမင်း၏ စည်းစိမ်ခံစားခြင်းများ ရှိပါသလော။
စည်းစိမ်ရှိသော ကာမရူပီ နဂါး စည်းစိမ်မရှိသော အကာမရူပီ နဂါး ဟု နဂါးနှစ်မျိုးရှိရာတွင် ကာဠနဂါးမင်း သည် စည်းစိမ်ရှိသော နဂါးမျိုးဖြစ်သောကြောင့် အခြားနဂါးမင်းများကဲ့သို့ နဂါးမင်း၏ စည်းစိမ်ကိုခံစားရပါသည် ။
(၉) ကာလနဂါးသည် မည်သည့် ဘုရားရှင်လက်ထက်မှစ၍ ရှိနေပါသနည်း ။ တစ် နံပါတ် ပုစ္ဆာအဖြေပါအတိုင်း ကာဠနဂါးသည် တစ်ကမ္ဘာပတ်လုံး အသက်ရှည်သည် နဂါးမျိုးဖြစ်သောကြောင့် ကကုသန် ဘုရားရှင် ပွင့်တော် မမူခင် ကာလကတည်းရှိ၏ ။
ဗုဒ္ဓ၀င်တွင် ကာလနဂါးနှင့် ပတ်သက်သည် အချက်အလက်များပါရှိပါက အထောက်များဖြင့် ပြည့်ပြည့်စုံစုံ သိရှိလိုပါသဖြင့် ဖြေကြားပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်--ဟူရာ၌ ဗုဒ္ဓ၀င်တွင် ပြည့်ပြည့်စုံစုံ မပါဝင်ပါ ။ အပါဒါန် အဋ္ဌကထာ ဇာတ်အဋ္ဌကထာ ထူပ၀ံသ မဟာဝံသ နမက္ကာရဋီကာ ၀ိနည်းဋီကာ စသည်တို့မှ ရှာဖွှေကောက်နှုတ်၍ အဖြေပေးလိုက်ပါသည် ။

အရှင်ကောဝိဒ (ယော)

Friday, November 20, 2009
ကာလ နဂါး
ကာလ နဂါး

(ကာလ နဂါး) by Ashin Kovida (Yaw) (အရှင်ကောဝိဒ (ယော) )
http://www.myatpanyagon.com
နဂါး နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ
 
No. Myanmar Language Title author
1 ကာလ နဂါး အရှင်ကောဝိဒ (ယော)
List of Dhamma Notes related to Naga : 1 Dhamma Notes, DhammaWeb DataBase
   

Dhamma Web