မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)  
www.dhammaweb.net  
line decor
  
Thursday, 2nd September 2010 7:07pm.
line decor
ပြိုင်တူတွန်းလျှင် ရွေ့နိုင်သည်... - by ထွန်းထွန်းလှိုင် - Htun Htun Hlaing Short, Simple and Easy to Remember Dhamma Note, DhammaWeb ပြိုင်တူတွန်းလျှင် ရွေ့နိုင်သည်... by ထွန်းထွန်းလှိုင်
Untitled Document

ပြိုင်တူတွန်းလျှင် ရွေ့နိုင်သည်...

“လှည်းဘီးကြီးများ နွံထဲနစ်နေပြီ။ တစ်ယောက်အားနှင့် တွန်းလို့မရဖြစ်နေသည်။ ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်”ဆိုသည့်အတိုင်း အပြိုင်လည်းတွန်းရမည်၊ အားလည်းတူညီစွာရှိရမည်ဖြစ် ပါသည်။ ထိုကဲ့သို့ပင် ဒုက္ခသစ္စာခန္ဓာကြီး ဘ၀ဆိုတဲ့ ဒုက္ခဘုံကြီးထဲ ရောက်နေပြီ။ သဒ္ဓါ၊ သတိ၊ သမာဓိ၊ ၀ီရိယ၊ ပညာဆိုသည့် ဗိုလ်ငါးပါးတရားများ ဟန်ချက်မညီ ဗျောက်သောက်ဖြင့် အားထုတ်လို့ ဒုက္ခဘုံထဲမှ မထွက်မြောက်နိုင်ပါ။ ဟန်ချက်ညီစွာ အားထုတ်မှသာလျှင် ဒုက္ခငြိမ်း ရာသို့ ရောက်မည်ဖြစ်၏။


သဒ္ဓါတရားက လက်နှင့်တူသည်။ အထုပ်အထည် အရင်းနှင့်တူသည်။ လက်မပါလျှင် စိန်တွေ့ လို့ ကောက်မရ၊ ရွှေတွေ့လို့ ကောက်မရဖြစ်နေမည်။ တရားစည်ကြီး မြည်ဟီးလို့ နေပါသည်။ ဘုရား၊ တရား၊ သံဃာ ရတနာမြတ်သုံးပါးကို ကိုးကွယ်ရာအစစ်၊ ယုံကြည် အားထားရာအဖြစ် သဒ္ဓါတရားမရှိသေးသမျှ တရားသံကြားလို့ တရားနာရကောင်းမှန်းမသိ၊ ဘုရားစေတီတွေ့လို့မှ ဂုဏ်တော်မထင် အုတ်ပုံသာမြင်နေပြီး သံဃာကိုတွေ့လို့မှ ကြည်ညိုစရာမထင် သူတောင်းစား ပမာ မြင်နေကြမည်သာဖြစ်၏။ သဒ္ဓါရှိဘို့လိုပါသည်။ သဒ္ဓါတရား အရင်းအနှီးမရှိလျှင်ဖြင့် အမြတ်ဆိုသည့် နိဗ္ဗာန်သည် ထွက်ပေါ်လာလိမ့်မည် မဟုတ်ပါပေ။ အရင်းရှိမှ အမြတ်ရှိမည် ဖြစ်၏။ “သဒ္ဓါယ တရတိ သြဃံ”- သဒ္ဓါတရားဖြင့် သံသရာဝဲသြဃမှ လွန်မြောက်၏ ဆိုသည့် အတိုင်း သဒ္ဓါတရားဖြင့် သံသရာတည်းဟူသော ၀ဲသြဃကို ကျော်ဖြတ်ရမည်ဖြစ်ပါသည်။

ပညာက မျက်စိနှင့်တူသည်။ အဖြူအမည်း၊ ဆူးညှောင့်ခလုတ်၊ လမ်းမှန်နှင့် လမ်းမှား၊ ချောက် ကမ်းပါးများကို ဖြတ်ကျော်ဘို့် မျက်စိမြင်မှ ရနိုင်သလို သံသရာဝဲသြဃ ဒုက္ခဘုံကြီးထဲက ထွက်မြောက်နိုင်ဘို့ဆိုသည်မှာလည်း ဉာဏ်ပညာတည်းဟူသော မျက်စိရှိမှသာလျှင် ထွက် မြောက်နိုင်မည်ဖြစ်သည်။ မျက်စိဖြင့် စိန်တွေ၊ ရွှေတွေကို ရွေးချယ်ကောက်ယူနိုင်မည်။ မျက်စိ မရှိက တွေ့သမျှ သဲဂဲတို့ကိုလည်း စိန်တွေ၊ ရွှေတွေမှတ်ပြီး ကောက်ယူမိမည်ဖြစ်သည်။ ထိုသို့ ပင် ဉာဏ်ပညာရှိမှလည်း ကုသိုလ်၊ အကုသိုလ်တို့ကို ရွေးချယ်စီစစ်ပြီး မကောင်းမှုရှောင်၊ ကောင်းမှုဆောင်နိုင်မည်ဖြစ်ပေသည်။

ဝီရိယက ခွန်အားနှင့်တူသည်။ ခွန်အားရှိက တောင်ကိုတွေ့လည်း တက်နိုင်မည်။ ဆူးပုံတွေ့ လည်း လွှားနိုင်မည်။ ခွန်အားမရှိပါက ချောက်ထဲလည်း ပြုတ်ကျနိုင်သည်။ ပြန်တက်ဘို့လည်း မနိုင်ဖြစ်နေမည်။ ရတနာတွေ့လို့ ကောက်ယူနိုင်ပါလျက် ခွန်အားမရှိ မသယ်နိုင်လို့ ထားရစ်ခဲ့ မည်။ ထိုသို့ပင် ၀ီရိယရှိမှ တရားနာဘို့လည်း အသင့်ရှိမည်။ တရားအားထုတ်လို့လည်း အမြဲပင် အသင့်ရှိနေမည်ဖြစ်သည်။ ၀ီရိယမရှိ အပျင်းထူနေက ကုသိုလ်တရားပွားများအားထုတ်ဘို့ မည်သို့မျှမလွယ်ကူပါပေ။ ဤနေရာ၌ ပြောချင်သည်မှာ ၀ီရိယဆိုသည် ခွန်အားနှင့် တူ၏ဆိုရာ၌ ဗလတောင့်တောင့် အရပ်မောင်းကောင်းကောင်းဖြစ်ရမည်ကို ဆိုလိုခြင်း မဟုတ်ပါပေ။ စိတ်ခွန်အားကို ဆိုလိုခြင်းဖြစ်၏။ စိတ်ခွန်အားရှိဘို့ အဓိကဖြစ်ပါသည်။ စိတ်ဝီရိယရှိဘို့ အဓိကလိုရင်းဖြစ်၏။

သမာဓိက အထိန်းအကွပ်၊ ခြံစည်းရိုးနှင့်တူသည်။ “အကွပ်မရှိတဲ့ကြမ်း ပရမ်းပဒါ” ဆိုသလို ကြမ်းများကို အကွပ်ဖြင့်မထားလျှင် ထော်လော်ကန့်လန့် ကြည့်မကောင်း ရှုမကောင်း ပြန့်ကျဲ၍ နေပေမည်။ ခြံစည်းရိုးမရှိကလည်း အိမ်ထဲသို့ ပေါင်းစုံဝင်ထွက်သွားလာနေသဖြင့် လုံခြုံမှုမရှိ၊ ရှုပ်ပွ၍နေပေမည်။ အထိန်းအကွပ်ရှိက ကြမ်းများလည်း စီစီရီရီဖြင့် ကြည့်လို့လည်းလှ ခိုင်လည်းခိုင်ခန့်ပေမည်။ ခြံစည်းရိုးဖြင့်ထားတော့ လုံခြုံမှုရှိသဖြင့် မိမိထားချင်သောပစ္စည်းများကို သူ့အကန့်နှင့်သူ ထားနိုင်မည်။ စိတ်ချလက်ချလည်းရှိမည်ဖြစ်သည်။ ထိုသို့ပင် သမာဓိမရှိတဲ့ စိတ် လွတ်ချင်ရာသို့ လွတ်နေမည်။ ရောက်ချင်ရာသို့ ရောက်နေမည်။ စိတ်သည် မကောင်းမှု၌သာ မွေ့လျော်တတ်သဖြင့် စိတ်လွတ်ရာ ကိုယ်ရောက်နေလျှင် အကုသိုလ်အာရုံတို့၌သာ ပျော်မွေ့၍နေပေမည်။ သမာဓိဖြင့် စိတ်ကို စည်းကမ်းသတ်မှတ်ထားမှ စိတ်လွတ်ရာ ကိုယ်မရောက်၊ စိတ်ကိုလည်း လိုရာသို့ရောက်အောင် ထားရှိနိုင်မည်ဖြစ်သည်။ သမာဓိမရှိသောစိတ်သည် နွားရိုင်းကလေးနှင့်တူသည်။ နွားရိုင်းကလေးကို သမာဓိဆိုတဲ့ တိုင်မှာချည်ထားတော့ တဖြည်း ဖြည်း လိမ္မာယဉ်ကျေး၍လာသလို စိတ်ကိုလည်း သမာဓိစည်းကမ်းလေးထားတော့ ရောက်ချင် ရာမရောက်တော့ဘဲ ကိုယ်ထားတဲ့နေရာမှာ နေတတ်လာပြီး လိမ္မာယဉ်ကျေးသောစိတ် ဖြစ်လာကာ အေးချမ်းမှုလည်းရှိလာမည်ဖြစ်သည်။

သတိကတော့ အရာအားလုံး၏အချုပ် ခေါင်မိုးနှင့်တူသည်။ ခေါင်မလုံလျှင် တစ်အိမ်လုံး မိုးမလုံသလို အိမ်ခေါင်မိုးလုံမှ တစ်အိမ်လုံး မိုးလုံသလို သတိရှိမှ အရာအားလုံး ပြည့်စုံအောင် ဆောင်ရွက်နိုင်မည်။ “သတိမမူ ဂူမမြင်၊ သတိမူက မြူတောင်မြင်ရ” ဆိုသလို သတိမရှိက စိတ်ဖြစ်တိုင်း ဘာစိတ်ရယ်လို့မသိ။ မောဟဖြင့်သာ အချိန်ကုန်နေမည်။ ထို့ကြောင့် သတိဖြင့် ကုသိုလ်စိတ်၊ အကုသိုလ်စိတ် ဖြစ်တိုင်းသိအောင် စောင့်ကြည့်ရမည်။ သတိဖြင့် စိတ်ကို စောင့်ရှောက်ရမည်။ သတိဟူသည် ပိုသည်မရှိ။ အချိန်တိုင်းရှိနေရမည့်တရားဖြစ်သော ကြောင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက အထူးအလေးထား မှာတော်မူခြင်းဖြစ်ပါသည်။ “သတိဝေး ကလေးဖြစ်တော့သည်။ သတိသည် အသိကိုကြိုးကိုင်နေသော မိဘအရာဝင်ဖြစ် ပေသည်။ သတိမပါသူ၏ အာရုံခံစားမှုသည် မျက်မမြင် ထမင်းစားရာ မစားသင့်သည်များကို လည်း မမြင်တော့သည့်ပမာဖြစ်ချေသည်။” ဆိုသည့် ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာ တော်ဘုရားကြီး၏ ဓမ္မနီတိကထာကလည်း သတိတရား၏ လွန်စွာအရေးကြီးမှုကို ထင်ဟပ်ပေါ် လွင်စေပါသည်။

“သဒ္ဓါ၊ ပညာ၊ ၀ီရိယ၊ သမာဓိ၊ သတိ” ဆိုသော ဗိုလ်ငါးပါးတို့ ညီညွတ်မှုရှိရမည်။ သဒ္ဓါနှင့် ပညာက တစ်တွဲ၊ ၀ီရိယနှင့် သမာဓိကတစ်တွဲ အတွဲလိုက် ညီညွတ်နေဘို့လည်းလိုပါသည်။ ယုံကြည်မှုတစ်ခုတည်းဖြင့် သွားနေပြီး ပညာမပါတော့ တလွဲကြည်ညိုနေတတ်သည်။ မှား တယ်၊ မှန်တယ်မသိ။ နတ်မင်းကြီးလည်း ပူဇော်လိုက်၊ ဘိုးတော်ကြီး မစလိုက်၊ မယ် တော်ကြီးလည်း တင်မြှောက်လိုက်နဲ့ အလွဲလွဲ အမှားမှား ဆရာများစွာကို ကြည်ညိုကာ နေတော့သည်။ ဆရာမှားတော့ ဘာဖြစ်တုန်း။ တလွဲဆရာနဲ့တွေ့တော့ တလွဲလမ်းမှား လိုက်မိ ပြီး နိဗ္ဗာန်နှင့်လွဲတတ်သည်။ ပညာချည်းရှိနေပြီး သဒ္ဓါက မရှိတော့ အမှားဖြစ်တတ်သည်။ ကောက်ကျစ်တတ်ပြန်သည်။ ၀ီရိယချည်းရှိနေလို့လည်း မဖြစ်သေး။ သမာဓိမပါဘဲ ၀ီရိယ ချည်းများနေလျှင်လည်း စိတ်ထားပျံ့လွင့်သည်။ ၀ီရိယမပါဘဲ သမာဓိက သာနေပြန်တော့ အိပ်ငိုက်ပြီး ပျင်းလာတတ်သည်။ “၀ီရိယနှင့် သမာဓိ တွဲမထုတ်၊ တရားသူကြီးချုပ်မဖြစ်နိုင်။ ၀ီရိယနှင့် သမာဓိ အတွဲမညီသမျှ သင်ဘာလုပ်လုပ် လုပ်မောဖြင့်သာ ပွဲသိမ်းရမည်သာဖြစ်၏။” ဆိုသော ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင်ဆရာတော်ကြီး၏အဆုံးအမက ထိုတရားနှစ်ပါး အတွဲညီစွာထားပြီး တရားအားထုတ်ဖို့ သတိပေးခြင်းဖြစ်ပါသည်။ “သတိကိုကား မြဲစွာထား၊ လွန်ငြားမရှိချေ။” ဆိုသည့်အတိုင်း သတိဖြင့်သွား၊ သတိဖြင့်စား၊ သတိဖြင့်အိပ်၊ သတိဖြင့် အမြဲနေရမည်ဖြစ်ပါသည်။ အတွဲတရားနှစ်ပါး ညီနေဘို့လည်း သတိကပင် အမြဲစောင့် ရှောက်နေရမည်ဖြစ်သည်။

ထို ဗိုလ်ငါးပါးတရားများ အမြဲညီညွတ်နေခြင်း၊ စွမ်းအားလည်း အမြဲတူညီနေခြင်း ရှိနေမှသာလျှင် ဒုက္ခသစ္စာ သံသရာနွံကြီးထဲနစ်နေသော သနားစရာ ပုထုဇဉ်ဘ၀ လှည်းဘီးအို ကြီးကို နွံလွတ်ရာ အရိယာသောင်သို့ ပြိုင်တူတွန်းလျှင် ရွေ့နိုင်သည် ဖြစ်ပေတော့၏။

 

စာရေးသူ - ထွန်းထွန်းလှိုင် ၊ အချိန်

(ပြိုင်တူတွန်းလျှင် ရွေ့နိုင်သည်... ) by Htun Htun Hlaing (ထွန်းထွန်းလှိုင် )
http://htunhlaing.blogspot.com/2009/03/blog-post.html
ဗိုလ်ငါးပါး နှင့်သက်ဆိုင်သော ဓမ္မမှတ်စုများ
 
No. Myanmar Language Title author
1 ပြိုင်တူတွန်းလျှင် ရွေ့နိုင်သည်... ထွန်းထွန်းလှိုင်
List of Dhamma Notes related to Five Bala : 1 Dhamma Notes, DhammaWeb DataBase
   

Dhamma Web