မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)  
www.dhammaweb.net  
line decor
  
Saturday, 18th May 2013 6:24pm.
line decor
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပညာရေးမှူးရုံးတွင် ဘ/က ကျောင်းဆရာဆရာမများ by Myanmar News Now



ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပညာရေးမှူးရုံးတွင် ဘ/က ကျောင်းဆရာဆရာမများ

၂၀၁၂ မေလ (၁၆)ရက်နေ့ နေလည်ပိုင်းက ရန်ကုန်တိုင်း ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပညာရေးမှူးရုံးတွင် ဘ/က ကျောင်းဆရာဆရာမများ ဆန္ဒပြတောင်းဆိုမှုဖြစ်ပွား ခဲ့ကြောင်းသိရပါသည်။



ဂျပန်နိုင်ငံ JICA အဖွဲ့မှ ပံပိုးကူညီမှုဖြင့် မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၏ စီစဉ်ညွှန်ကြားမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်းရှိ မူလတန်းပြဆရာ၊ ဆရာမများအား CCA (Child Centre Approch) သင်တန်းကို ဒဂုံတောင် အထက(၂) တွင် မေလ (၁၂)ရက်နေ့မှ စတင်ကာ သင်ကြားပို့ချပေးပါသည်။

အဆိုပါသင်တန်းသို့ အစိုးရမူလတန်းကျောင်းများမှ ဆရာ၊ ဆရာမပေါင်း (၃၀၀)ကျော်နှင့် ဘ/ကကျောင်းများမှ သီလရှင်ဆရာကြီးများ၊ ဆရာ/ဆရာမပေါင်း (၄၀)ကျော်တို့ တက်ရောက်သင်ကြားကြပါသည်။

CCAနည်းလမ်းဖြင့် လာမည့်ပညာသင်နှစ်တွင် မူလတန်းကျောင်းများတွင် လက်တွေ့ သင်ကြားကြရန် ပညာရေးဝန်ကြီးဌာနက လမ်းညွှန်ချက်ထုတ်ပြန်ထားသောကြောင့် အဆိုပါသင်တန်းသည် အရေးပါသောသင်တန်းတစ်ခုဖြစ်သည်ဟု ဆိုပါသည်။

ယင်းသင်တန်းသို့ ဘ/ကကျောင်းမှ ဆရာ/ဆရာမများလည်း တက်ရောက်သင်ကြားရ မည်ဟု မြို့နယ်ပညာရေးမှူးက မြို့နယ်ဘ/ကကြီးကြပ်ရေးမှူး ဥက္ကဋ္ဌဆရာတော်ထံ တရားဝင် အကြောင်းကြားသောကြောင့် ဥက္ကဋ္ဌဆရာတော်က ဒဂုံမြို့သစ်(တောင်ပိုင်း) တွင် တရားဝင်ဖွင့်လှစ်ထားသော ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၇)ကျောင်းနှင့် သီလရှင်သင် ပညာရေးကျောင်း (၂)ကျောင်းထံ သင်တန်း တက်ရောက်ကြရန် ထပ်ဆင့်ညွှန်ကြားပါသည်။

ယင်းညွှန်ကြားချက်အရ ဘ/ကကျောင်း စုစုပေါင်း(၉)ကျောင်းမှ ဆရာ၊ ဆရာမဦးရေ (၄၀)တိတိ ယင်းသင်တန်း တက်ရောက်ကြသည်။ သင်တန်းကာလမှာ မေလ (၁၂) ရက်မှ (၂၃)ရက်နေ့အထိဖြစ်သည်။ သင်တန်းချိန်မှာ နံနက် (၈)နာရီမှ ညနေ(၄)နာရီ အထိဖြစ်သည်။

ယင်းသင်တန်းတွင် အစိုးရကျောင်းများမှ ဆရာ/ဆရာမဦးရေ (၃၀)နှင့်အတူ ဘ/က ကျောင်း ဆရာ/ဆရာမများ (၃)ဦး(၄)ဦးကို ယှဉ်တွဲကာ သင်စေပါသည်။ ဘ/ကကျောင်းဆရာ/ဆရာမများကို အတူစုကာ မသင်စေပဲ အစိုးရကျောင်းများမှ ဆရာ/ဆရာမများမှ နောက်မှ သင်စေခြင်းဖြစ်သည်။ သင်တန်းကာလ (၅)ရက်ပြည့်သည့် ယနေ့(၁၆၊ ၅၊ ၂၀၁၂)နေ့တွင် သင်တန်းစရိတ်ကို အစိုးရကျောင်းများမှ ဆရာ/ဆရာများအား တစ်နေ့လျှင် (၁၂၀၀)ကျပ်နှုန်းဖြင့် ရှင်းပေးပါသည်။

ဘ/ကကျောင်းများမှ ဆရာ/ဆရာမများအား ပေးရန်တာဝန်မရှိဟု သင်တန်းတာဝန်ခံ များကပြောကြားသည်။ CCA လမ်းညွှန်ဆရာကိုင်စာအုပ်များ ပေးဝေသောအခါတွင်လည်း ဘ/ကကျောင်းများမှ ဆရာ/ဆရာမများကို မပေးနိုင်ဟု သင်တန်းတာဝန်ခံများက ပြောကြားပါသည်။ ယင်းလမ်းညွှန်စာအုပ် မရှိပါက မသင်ပေးနိုင်ဟု ဆိုကာ သင်တန်းချိန်အတွင်း ဘ/ကကျောင်းများမှ ဆရာ/ဆရာမ (၄၀)ဦးလုံးသည် သက်ဆိုင်ရာ သင်တန်းခမ်းမအတွင်းမှ ဆန္ဒပြကာ ထွက်ခွါခဲ့ကြပြီးနောက်မြို့နယ်ပညာရေးမှူးရုံးသို့ ဦးတည်ချီတက်ခဲ့ကြသည်။

မြို့နယ်ပညာရေးမှူးထံ လမ်းညွှန်စာအုပ်များ ပေးကြားရန် ဆရာ/ဆရာမများအားလုံးက ၀ိုင်းဝန်းတောင်းဆိုကြပါသည်။ မပေးနိုင်ဟု အစတွင် ပညာရေးမှူးက ပြောသော်လည်း အားလုံးက ထပ်ကာတလဲလဲ တောင်းဆိုကြသဖြင့် (၂)ဦးလျှင် (၁)အုပ်နှုန်းဖြင့် ပေးခဲ့ပါသည်။



(ဤပြဿနာ၏ အကျဉ်းချုပ်မှာ- ၁။ ဘ/က ကျောင်းဆရာ၊ ဆရာမများကို သင်တန်းခန်းမအတွင် ခွဲခြားနှိမ်ချ ဆက်ဆံခြင်း၊ ၂။ သင်တန်းစရိတ်ထောက်ပံ့မှုကို ဘ/က ဆရာ၊ ဆရာမများအား မပေးခြင်း၊ ၃။ CCA သင်ကြားနည်းလမ်းညွှန်စာအုပ်များကို ဘ/က ဆရာ၊ ဆရာမများအား မပေးခြင်းတို့ဖြစ်ပါသည်။)

ဘ/ကကျောင်းများသည် နိုင်ငံတော်အစိုးရ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသော ကျောင်းများဖြစ်သည်။ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်အတိုင်း ပညာသင်ကြား ပေးနေကြပါသည်။ ဆင်းရဲသားလူတန်းစားများအတွက်အားကိုးအားထားရာဖြစ်ပါသည်။ ဒဂုံတောင်မြို့နယ်အတွင်းမှာပင်ကျောင်းသားဦးရေ (၃၀၀၀)ကျော် ပညာသင်ကြားနေပါ သည်။ ဘ/ကကျောင်းများမှဆရာ/ဆရာမများသည် အလွန်နည်းပါးသောလစာဖြင့် စေတနာထား၊ အနစ်နာခံကာသင်ကြားပေးနေကြပါသည်။ အစိုးရကျောင်းများမှ ဆရာ၊ ဆရာမများကဲ့သို့ကျူရှင်ပြ၍လည်း ၀င်ငွေ မရှာကြပါ။ အစိုးရကျောင်းများမှ ဆရာ၊ ဆရာမများနှင့်သင်တန်းများ တက်ရောက်ခွင့်ပြုသော် ရသင့်ရထိုက်သော အခွင့်အရေး များကို ဘ/က ဆရာ၊ ဆရာမများထံ မပေးခြင်းမှာ တရားမျှတမှု မရှိပါကြောင်း သက်ဆိုင်ရာ အစိုးရလူကြီးများကို သိစေလိုကြောင်း ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ဘ/က ကျောင်းဆရာ တစ်ဦးက Myanmar News Now ကိုပြောထားပါသည်။

ယင်းသင်တန်း မပြီးဆုံးသေးပါ။ နောက်ထပ် ခြောက်ရက်တိတိ ကျန်ပါသေးသည်။ မေလ ၂၃-ရက်နေ့မှ ပြီးပါမည်။ ဘ/ကကျောင်းများမှ ဆရာ၊ ဆရာမများက သင်တန်းစရိတ်မရသော်လည်း သင်တန်းပြီးဆုံးအောင် တက်ကြပါမည်ဟု သိရပါသည်။

Myanmar News Now







ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပညာရေးမှူးရုံးတွင် ဘ/က ကျောင်းဆရာဆရာမများ by Myanmar News Now
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပညာရေးမှူးရုံးတွင် ဘ/က ကျောင်းဆရာဆရာမများ , Myanmar Theravada Buddhism News, Dhamma Web